Uncategorized

၂ ရက်ထဲနဲ့

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်တွေက စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို TNLA သိမ်းပိုက်ထား

မဲခေါင်၊ ဇွန် ၂၆

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က မနေ့ ဇွန် ၂၅ ရက်နေ့နဲ့ ဒီနေ့ ဇွန် ၂၆ ရက်နေ့ ၂ ရက်တာအတွင်း ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအစပ်တွေရှိ စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

TNLA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းမှုနဲ့ မနေ့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်တွေနဲ့ မိုးကုတ်မြို့နယ်တို့မှာ တစ်ပြိုင်နက် တိုက်ပွဲဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

နောင်ချိုမြို့နယ်မှာ ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာနဲ့ နောင်ချိုမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၁၁၄၊ ၁၁၅ ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းရှိ ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာ အနီးက စစ်ကောင်စီတပ်စခန်းတွေကိုလည်း TNLA က သိမ်းပိုက်ထားနိုင်ပြီး ၂ ဖက်အကျအဆုံးစာရင်း မသိရသေးပေမယ့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအများစုကို TNLA က ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်မှာလည်း ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား)က စစ်ကောင်စီတပ်စခန်းတွေကိုလည်း TNLA က ထိန်းချုပ်ထားပြီး ဒေါ်နန်းကြည်တောင်ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။

သီပေါမြို့နယ်၊ ဆွန်လုံကျေးရွာမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ မနေ့ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာခံတွေ ထွက်ပြေးတိန်းရှောင်‌နေရတယ်လို့ သိရပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျောက်မဲမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ အရပ်သား ၂ ဦး သေဆုံးကာ ၁၀ ဦးကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆက်တွဲထိခိုက်သူတွေကိုလည်း မဲခေါင်သတင်းအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

MK014
#MeKongNews
#တိုက်ပွဲသတင်း
#TNLA
#1027_b
#ရှမ်းမြောက်
#မန္တလေး

Leave a Reply

Your email address will not be published. Required fields are marked *