Uncategorized

ကဲ . . . စပြီနော်

ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန်ဖမ်းဆီးခံထားရသော လူငယ် ၅၀ခန့်ရှိနေ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဖမ်းဆီးထားသော လူငယ် ၅၀ခန့်ရှိနေပြီး အထက်တန်းကျောင်း (အ.ထ.က -၁)အတွင်း ခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၂၉ ရက် ညက ရေဦးမြို့ရှိ အောင်မင်္ဂလာ၊အောင်ချမ်းသာ၊ရွှေပြည်သာ၊အောင်ဆန်းနှင့် ဗိုလ်အောင်ဇေယျရပ်ကွက်တို့မှ စစ်မှုထမ်းစာရင်းပါထားသည့် လူငယ်၊ လူလတ် (၂၀)ကျော်ကို စစ်တပ်က နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယခင်ကလည်း စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ဖမ်းဆီးမှုများရှိခဲ့ကြောင်း၊ ယခင်ဖမ်းဆီးထားသူများအပါအဝင် စုစုပေါင်း ၅၀ထက်မနည်း ရှိနိုင်ပြီး ၎င်းတို့အား အထက (၁)ကျောင်းအတွင်း၌ ခေါ်ဆောင်ထားကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“အရင်က ဖမ်းထားတာတွေရောဆို ၅၀လောက်ရှိတယ်။ မုံရွာနမခကိုတော့ ခေါ်မသွားသေးဘူး။ မြေပြင်ကလည်း သူတို့မသွားနိုင်ဘူး။ လေကြောင်းနဲ့ခေါ်သွားမှပဲရလိမ့်မယ်။”ဟု ကိုထူးခန့်ဇော်က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် အသက်ငယ်ရွယ်သူများနှင့် အိမ်ထောင်ရှိပြီးသူ အမျိုးသားအချို့လည်း ပါဝင်ပြီး မိသားစုဝင်များနှင့်ပင် တွေ့ဆုံခွင့်မရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးမြို့တွင် စစ်မှုထမ်းအမည်စာရင်းပါထားသူများမှာလည်း မြို့ပေါ်မနေရဲကြတော့ဘဲ အခြားနယ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မတ်လအတွင်းက စစ်မှုထမ်း ပထမအသုတ်အား ရွေးချယ်၍ စစ်သင်တန်းစပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် ပြင်ဆင်နေသည်။

စစ်မှုထမ်းကိစ္စ ရှောင်ရှားလို၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်သူများပြားလာခဲ့ရာ အာဏာသိမ်းစစ်ကောင်စီက မေလ ၁ ရက်နေ့မှစပြီး အမျိုးသားများပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကိုပါ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *