Uncategorized

စောစီး ပျှော်လိုက်တော့

နောင်ချိုကို TNLA ပူးပေါင်းတပ်များ ထိန်းချုပ်နိုင် ဟုဆို

မိုင်းခြိူဝ်းဇာရ်၊ ဇွန် ၂၅၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့ ထိစပ်နေသည့် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ ယနေ့ ည ၇ နာရီခွဲခန့်တွင် သိမ်းပိုက်ထိန်း ချုပ်လိုက်ကြောင်း မြို့ခံများက ဆိုသည်။

နောင်ချိုမြို့ကို အဓိက လုံခြုံရေးယူ ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ် ၏ မြို့အနောက်ဘက် ၁ မိုင်အကွာရှိ ခြေမြန်တပ် ရင်း (၁၁၄၊ ၁၁၅) နှင့် မြို့တောင်ဘက်၂ မိုင်အကွာရှိ အမြောက်တပ်စု ၆၀၆ တို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားဟု နောင်ချို့ မြို့ခံတဦးက ဧရာ၀တီသို့ ပြောသည်။

၎င်းက “၆၀၆ တပ်ကို သိမ်းပြီး တမြို့လုံး တိတ်ဆိတ်သွားတယ် ဘာအသံမှ မကြားရတော့ဘူး။ နောင်ချိုမြို့အနှံ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီ“ ဟု ဆိုသည်။

နောင်ချိုမြို့နယ်အတွင်း မြို့တောင်ဘက် ၂၀ မိုင်ကျော် ကွာဝေးသည့် ရှမ်း ပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ အသွားလမ်းပေါ်ရှိ တောင်းခမ်းအမြောက်တပ်စု၂ ခုတွင်သာ စစ်ကောင်စီတပ်နေရာယူထားနိုင်တော့ကြောင်း အထက်ပါ မြို့ခံက ဆိုသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အကျအဆုံးများပြားပြီး နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးနှင့် မြို့ပေါ် လမ်းမများတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းအများအပြား တွေ့ရှိခဲ့ရကြောင်းမြို့ခံများက ဆို သည်။

နောင်ချို မြို့မရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ယနေ့ ညနေ ၄ နာရီခန့်တွင် ရဲစခန်းရှိ အချုပ်သားများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် နောင်ချိုမြို့ခံ ထက်ဝက်ခန့်သည် နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်ကျန်ရစ်နေသူများက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို စိုးရိမ်နေကြဟု ဆိုသည်။

ယနေ့ နံနက် ၆ နာရီခန့်ကစတင်သည့် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်တွင် နောင်ချိုမြို့နယ်ရှိ မြို့အနောက်ဘက် ၈ မိုင်အကွာက အုမ္မသီးရွာရှိ တပ်စခန်း၊ မြို့အနောက်ဘက် ၃ မိုင်အကွာက ကျောက်ကြမ်းရွာရှိ တပ်စခန်း၊ မြို့အရှေ့ဘက် တိုးဂိတ်ရှိ တပ်စခန်းနှင့် မြို့ပေါ် ဌာနဆိုင်ရာရုံးတို့ကို သိမ်းပိုက်ရရှိကြောင်း ဧရာ၀တီက အတည်ပြုနိုင်ခဲ့သည်။

နောင်ချိုမြို့ တိုက်ပွဲတွင် TNLA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များ၊ မိုးကုတ်ဗျူဟာတပ်ရင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) တို့ ပါဝင် တိုက်ခိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် ရှမ်းမြောက် ကျောက်မဲမြို့နှင့် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ တရက်တည်းတွင် တော်လှန်းရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများ ပြင်းထန်နေသည်။

ပုံစာ – TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်နယ်မြေ၌ စစ်ရေးလေ့ကျင့်နေကြသည့် တပ်ဖွဲ့ဝင်များ/ TNLA

Leave a Reply

Your email address will not be published. Required fields are marked *