Uncategorized

ဖျင်….ကျိန်းပြီ

ရခိုင်တောင်ပိုင်းမှ တရုတ်ရေနံပိုက်လိုင်းအနီး AA တပ်များကပ်လာချိန်တွင် ထိပ်တန်းသံတမန်တစ်ဦးကို တရုတ်က နေပြည်တော်သို့ စေလွှတ်

ဇွန်လ ၁၈ ရက်

တရုတ်ရင်းနှီးမြှုပ်နှံမှုအများအပြားရှိရာ ရခိုင်တောင်ပိုင်းသို့ အာရက္ခတပ်တော် AA ၏ ထိုးစစ်များ ပြင်းထန်လာချိန်တွင် တရုတ်အစိုးရက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရန် နေပြည်တော်သို့ စေလွှတ်လိုက်သည်။

ပြည်နယ်၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သော AA တပ်သည် စီးပွားရေးအရ လွန်စွာအရေးပါသည့် ရခိုင်တောင်ပိုင်းကိုပါ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်။

ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့တွင် တရုတ်အတွက် အရေးပါသည့် ရေနံနှင့်သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းများရှိနေသည်။

ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအရာရှိ ၈ ဦးသည် ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများသို့ ယခုလ ၈ ရက်နေ့က စတင်ကာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တရုတ်ထိပ်တန်းသံတမန် နေပြည်တော်သို့ ရောက်လာခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တည်ငြိမ်ရေး၊ ဆက်ဆံရေးတိုးမြှင့်ရေးနှင့် အာဆီယံနှင့် နိုင်ငံတကာစင်မြင့်တွင် ပိုမိုနီးကပ်စွာဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများရှိသော်လည်း တိုက်ပွဲများရပ်တန့်ရန် အလွန်ခက်ခဲကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း AA က ထိုးစစ်ကြီး စတင်ခဲ့ပြီး၊ ယခုအခါ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

#Myanmar Now

Leave a Reply

Your email address will not be published. Required fields are marked *