Uncategorized

တပ်သား လက်နက်နှင့်အလင်းဝင်

ကျောက်ထုမြို့အမြောက်တပ်မှတပ်သား လက်နက်နှင့်အလင်းဝင်

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ မကွေးတိုင်း ၊ကျောက်ထုမြို့အခြေစိုက်စစ်ကောင်စီအမြောက်တပ် အမတ(၃၆၈)မှတပ်သားတဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့သည်။

အသက် ၂၇နှစ်အရွယ် တပ်သားကျော်စိုးဦးသည် Yaw Revolutionary Army-YRA ထီးလင်းထံသို့ ခိုလှုံရန်ဆက်သွယ်လာသည့်အတွက် ယမန်နေ့ မေလ ၁ရက် ည၁၁နာရီအချိန်ခန့်တွင် သွားရောက်ခေါ်ဆောင်ခဲ့သည်ဟု YRA-ထီးလင်းခေါင်းဆောင် သခင်ဇော်က မဇ္ဈိမအားပြောသည်။

“တပ်ထဲမှာနေရတာလဲအဆင်မပြေဘူး။နေရထိုင်ရတာ စားဝတ်နေရေးကအစ အဆင်မပြေဘူးလို့ပြောတယ်။ နောက်ပြီးတော့ အထက်အရာရှိတွေရဲ့ ဆက်ဆံမှုတွေ ၊ ပြည်သူတွေရဲ့ဆက်ဆံမှုတွေ အဲ့တာတွေကို မကြိုက်လို့သူက အလင်းဝင်တာလို့ ပြောပါတယ်ဗျ” ဟု သခင်ဇော်က ပြောသည်။

တပ်သားကျော်စိုးဦးသည် MA 1‌ သေနတ်တလက် ၊ ကျည်၅၃၉တောင့် ၊ကျည်ကာအင်္ကျီတထည်၊ ကျည်ဘောက် သုံးဘောက်တို့ကို ယူဆောင်လာသဖြင့် ဆုကြေးငွေ သိန်း၅၀ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်းYRA-ထီးလင်းက ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဒုအရာခံဗိုလ်အပါအဝင် Yaw Revolution Army – ထီးလင်း အဖွဲ့ထံ အလင်းဝင်လာသူ စုစုပေါင်း ၂၅ဦးရှိပြီဟုသိရသည်။ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံကြရန်နှင့် ခိုလှုံပါကထိုက်တန်သော ဆုကြေးငွေများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်ထားသည်။

လတ်တလောတွင် ထီလင်းမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

စာတည်း – အေးချမ်း

ပုံအညွန်း။ ။ YRA -Htilin တပ်ဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်သားနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ။ ။ YRA – ထီးလင်း)

Leave a Reply

Your email address will not be published. Required fields are marked *