Uncategorized

ကဲ . . . ရန်ကုန်တော့

ရန်ကုန်တွင် ယာဉ်ထိန်းရဲရုံးမိုင်းခွဲတိုက်ခိုက်မှု ရဲ၂ ဦးဒဏ်ရာရဟု ပကဖပြော

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အဝိုင်းအနီး၊ ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲရိပ်သာကို မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးဒဏ်ရာရကြောင်း မြောက်ဥက္ကလာပမြို့နယ်ပကဖကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၁၁ ရက်) ည ၈ နာရီ ၅ မိနစ်ခန့်က ကျောက်ရေတွင်းဂုံးတံတားအောက်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာယာဉ်ထိန်းရုံး အဝင်ပေါက်အနီး၌ ရီမုမိုင်းနှစ်လုံးဆင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု မြောက်ဥက္ကလာပမြို့နယ်ပကဖဒု-တာဝန်ခံက ပြောသည်။

” (မိုင်းခွဲတဲ့အချိန်) ကင်းမျှော်စင်မှာ ကင်းသမား တယောက်ရှိတယ်။ ဘဲဥ (မော်တော်ပီကယ်) နှစ်ယောက်က ကားတွေကို ငွေတောင်းပြီးတော့ ပြန်လာတာ။ မိုင်းက အဝင်ပေါက်နားမှာ ခွဲတာ။ နှစ်လုံးလုံးကွဲတယ်” ဟု ၎င်းကပြောသည်။

သွားလာနေသောကားများအား တားဆီးစစ်ဆေးငွေတောင်းပြီး ပြန်လာသည့် ရဲနှစ်ဦး ယာဉ်ထိန်းရဲရုံးရှေ့အရောက်၌ မိုင်းခွဲခြင်းဟုဆိုသည်။နှစ်ဦးဒဏ်ရာရရှိသွားပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ကိုမျက်မြင်တွေ့ရသည်ဟုမြောက်ဥက္ကလာပမြို့နယ်ပကဖ ဒု- တာဝန်ခံက ပြောသည်။

မေလ နောက်ဆုံးပတ်မှစ၍ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်အပါအဝင် ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏စစ်ရေးပစ်မှတ်အချို့၊ရဲစခန်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ ညကလည်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ နို့ချက်စက်ရုံ​အဝင်နေရာနှင့် အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရရန်ကုန်မြို့တွင်စစ်ကောင်စီက စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေပြီး တိုက်ခိုက်ရေးမစ်ရှင်များကို သတိထားလုပ်ဆောင်နေရကြောင်း မြောက်ဥက္ကလာပမြို့နယ်ပကဖ ဒု-တာဝန်ခံက ပြောသည်။

ပုံအညွှန်း- ယာဉ်ထိန်းရဲရုံး တည်ရှိရာနေရာ

Leave a Reply

Your email address will not be published. Required fields are marked *