Uncategorized

ကင်းစောင့်နေသော ရဲဘော်သုံးဦး အသတ်ခံရ

မုံရွာမြို့နယ်တွင် ကင်းစောင့်နေသော ရဲဘော်သုံးဦး အသတ်ခံရ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ကျေးရွာအနီးတွင် ကင်းစောင့်နေသည့် ရဲဘော် သုံးဦးအား စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၅နာရီခန့်က မုံရွာမြို့နယ်၊ မအူရွာ စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် အင်အား ၄၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထနောင်းတောမြောက်ရွာကို ဝင်ရောက်စီးနင်းခဲ့သည်။

ထိုအချိန် ကျေးရွာအနီး ကင်းစောင့်နေသည့် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦးအား ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့က မအူဂိတ်ကနေ ထွက်လာပြီးတော့ ကင်းပုန်းကိုအရင်ဆုံးဖြန့်လိုက်တာ။ ဖြန့်လိုက်ပြီးတော့ ထနောင်းတောမြောက်ရွာကို အရင်ဆုံးဝင်လိုက်တာ။ အဲဒီအချိန်မှာ ရဲဘော်သုံးဦးက အပစ်ခံရတာ။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ နေအိမ် နှစ်လုံးအား မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းများအား အဓမ္မယူဆောင်သွားကြောင်း သိရသည်။

ကျဆုံးရဲဘော် သုံးဦးသည် မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၏ ရဲဘော်များဖြစ်ကြောင်း တပ်ရင်း(၄)၏ တာဝန်ရှိသူက အတည်ပြုသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သီးခြားမှတ်ချက်ပြုပြောကြားခြင်း မရှိပေ။

မုံရွာခရိုင်တပ်ရင်း (၄)သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်က မုံရွာစက်မှုဇုန်၌ စစ်ကောင်စီယာဉ်ကိုတိုက်ခိုက်ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများပါရရှိခဲ့သည်။

ထိုစစ်ဆင်ရေး၌ လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကျဆုံးခဲ့သေးသည်။

(မီးရှို့ဖျက်ဆီးခံရသော နေအိမ်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

Leave a Reply

Your email address will not be published. Required fields are marked *