Uncategorized

ယနေ့ ရွှေဈေးကြီး

အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ ဈေးရှိ၊ မြန်မာ့ ရွှေဈေးနိမ့်ပြီး ဈေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံဈေးကွက်များသို့ စီးဆင်းရန်ရှိနေ

ရန်ကုန်၊ ဇွန် ၁၀

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၂ သိန်း ၈ သောင်းခွဲဈေးဝန်းကျင်ရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးနှင့် နိုင်ငံခြားငွေလဲဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ အရွက် ဈေး နည်းနည်းကျတယ်။ ကမ်ဘာ့ရွှေဈေးလည်း နည်းနည်းကျတယ်။ ရွှေဈေးလည်း နည်းနည်းကျတယ်။ အရောင်းအဝယ်ကတော့ ဈေးကွက်ပျက်နေတော့ မရှိဘူး။ ဈေးတန်းတော့ ဖွင့်ထားတယ်။ ရောင်းမရ ဝယ်မရဖြစ်နေတယ်။ YGEA ရန်ကုန်ရွှေအသင်းဈေးနဲ့လည်း ဘယ်လိုမှ ရောင်းမရ၊ ဝယ်မရပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

စစ်ကောင်စီက သတ်မှတ်ပြီး ရန်ကုန်ရွှေကုန်အသင်းက ထုတ်ပြန်သော ရွှေဈေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်း ၅ သောင်းခွဲကျပ် သတ်မှတ်ထားကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်တွင်းတွင် ရွှေဈေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်ပြီး ဈေးနှုန်းကိုလည်း အနိမ့်ဈေး ဖွင့်လှစ်ထားသဖြင့် မြန်မာ့ရွှေများ အိန္ဒိယ၊ တရုတ်နှင့်ထိုင်းဈေးကွက်များသို့ စီးဆင်းနိုင်ခြေ မြင့်မားနေကြောင်း ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

“ပြည်တွင်းမှာက အခု ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး။ ရွှေဈေးကလည်း တအားနိမ့်နေတော့ ပြည်တွင်းရွှေတွေက အိမ်နီးချင်းဈေးကွက်တွေဆီကို မှောင်ခိုနဲ့ရောက်မယ့် အခြေအနေရှိတယ်။ ပြည်တွင်းမှာ ရွှေဈေးက အရမ်းနိမ့်နေတော့ ဈေးပိုရမယ့် အိမ်နီးချင်းနိုင်ငံဈေးကွက်တွေဆီကို မကြာခင်တော့ အလုံးအရင်းရောက်ဖို့ရှိနေတယ်” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းလင်းပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *