Uncategorized

ဝမ်းသာလိုက်တာ

၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး ဖိလစ်ပိုင် တိုက်တွန်း
ဇွန် ၇ ၊ ၂၀၂၄

ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ပြုလုပ်လျက်ရှိရာ အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုအား ILO Constitution နဲ့အညီ အရေးယူရန် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို ဇွန် ၃ ရက်ကနေ ၁၄ ရက်အထိ ဂျနီဗာမြို့မှာ ပြုလုပ်နေတာပါ။

မနေ့က ပြုလုပ်ခဲ့တဲ့ ညီလာခံမှာ ဖိလစ်ပိုင် အလုပ်သမား ကိုယ်စားလှယ် Sister Nice က “အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိတယ်။ ဖိလစ်ပိုင်မှာဆိုရိုးစကားအတိုင်း “ခန္ဓာကိုယ်မှာ အနာတရတစုံတရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခု လုံးရဲ့ ရောဂါဝေဒနာပါပဲ” ဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမားများရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။” လို့ ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် “ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်များရဲ့ အလုပ်သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်း ကို လုံးဝလက်မခံနိုင်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုပါတယ်၊ NUG နှင့် ၎င်း၏ လုပ်ပိုင်ခွင့်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ခြင်းဖြင့် အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ ကတိကဝတ်များကို ပြသရန် ILO အား ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃ အရ အကြမ်းဖက်စစ်အုပ်စုအား အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့ဆဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI) ရဲ့ တိုက်တွန်းချက်များကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ရန် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတွင် ILO အား တောင်းဆိုပါ တယ်” လို့ Sister Nice က ဆက်လက်တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အထူးသဖြင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသော ILO Convention များဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈) ၊ အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀)တို့ကို ချိုးဖောက်မှု များနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှာ ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့တာပါ။

ဒါအပြင် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကို အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။

#SpringRevolution
#PVTVNews

Leave a Reply

Your email address will not be published. Required fields are marked *