Uncategorized

NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်

Breaking News

NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်

မောင်ခက်နွေ

(မဇ္ဈိမ)။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးသည် ‌ယနေ့ (ဇွန် ၁ ရက်) မနက်ပိုင်းတွင် ကွယ်လွန်သွားသည်ဟု မိသားစုနှင် နီးစပ်သူက မဇ္ဈိမ ကို အတည်ပြုသည်။

“ဒီနေ့မနက် ၃ နာရီက ဘဘ ဦးတင်ဦးရဲ့ သားကို ဆေးရုံက လှမ်း ခေါ်ထားတယ်။ ဆရာဝန်တွေ က လက်လျော့ လိုက်ပြီ။ လက်ရှိမှာ နောက်ဆုံး အသက်ကယ် ဆေးထိုး ထားတယ်။ ၈ နာရီ ၄၆ မိနစ် အဲ့ဝန်းကျင်မှာပဲ ဆေးရုံမှာ ဆုံးသွားတယ်”ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် မေ ၂၉ ရက်နေ့တွင် သူရဦးတင်ဦး ကျန်းမာရေးအနည်းငယ်ချို့ယွင်းလာ၍ ရန်ကုန်ပြည်သူ့ ‌ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ဦးတင်ဦး သည် သေဆုံးချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၁၉၈၉ ခုနစ် ဒီဇင်ဘာလအထိ တနှစ်ကြာ NLD ပါတီ ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သော သူရဦးတင်ဦးသည် ၂၀၁၇ ခုနှစ်တွင် နေအိမ်ရှိ ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူခဲ့ရသည်။

သူရဦးတင်ဦးမှာ ၁၉၇၄ ခုနှစ် မတ်လမှ ၁၉၇၆ ခုနှစ် မတ်လအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီကို ဦးဆောင်တည်ထောင်သူများတွင် တဦး အပါအဝင် ဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်းဖြစ်သည့် ဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူလည်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပြည်တွင်းသတင်း
#ဦးတင်ဦး
#NLD

Leave a Reply

Your email address will not be published. Required fields are marked *