Uncategorized

ယနေ့ ရွှေဈေးကြီး

အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်း ၉ သောင်း စံချိန်တင်ဈေးများဖြင့် ဈေးကွက် စဖွင့်

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းဈေးကွက်တွင် မတည်မငြိမ်ဖြစ်နေသော ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေးနှုန်းများမှာ ယနေ့ နံနက်ပိုင်းတွင်လည်း စံချိန်တင် ဈေးနှုန်းများဖြင့် ဈေးကွက်စတင်ဖွင့်လှစ်လိုက်ကြောင်း ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်း ဒိုင်ကြီးများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၉၈ ကျပ် ဖြင့်လည်းကောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၉ သောင်းဖြင့် လည်းကောင်း ဈေးကွက်စတင်လှုပ်ရှားနေကြောင်း သိရှိရသည်။

“အရွက်ဈေး( အမေရိကန်ဒေါ်လာ)က စဖွင့်ကတည်းက အမြင့်နဲ့ပဲ ဖွင့်တယ်။ ဈေးကွက် ဖွင့်တာနဲ့ တစ်ဒေါ်လာ ၄၄၅၀ စတယ်။ ၁၀ မိနစ်လောက်ပဲကြာတယ်။ တစ်ဒေါ်လာကို ၄၄၉၈ ကျပ်လောက်ရောက်သွားတယ်။ ၄၅၀၀ ပဲ ပြောပါတော့။ အခုတော့ အဲဒီဈေးဖြစ်နေတယ်။ အလှုပ်အရမ်းတော့ အတော်ကြမ်းတယ်”ဟု ရန်ကုန်မှ ငွေလဲဒိုင်က ပြောဆိုသည်။

ရွှေဈေးကွက်မှာမူ ဈေးကွက်စဖွင့်ချိန်တွင် မီးလင်းရွှေ (၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဈေးကွက်ဖွင့်ပြီးသည်နှင့် ၅၅ သိန်း ၉ သောင်းကျပ်သို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

“ကမ်ဘာ့ရွှေဈေးက ငြိမ်တယ်။ ဒေါ်လာဈေးလိုက်တက်တော့ ရွှေဈေးပါ လိုက်တက်တာ။ ဒီနေ့တော့ ရွှေဈေး ၅၆ သိန်းကျော်ပြီးတော့ ဒေါ်လာက တစ်ဒေါ်လာ ၅၀၀၀ နားကပ်သွားနိုင်တယ်။ ရွှေလည်း အရောင်းနည်းတယ်။ အဝယ်များတယ်” ဟု ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ပြည်တွင်းဈေးကွက်တွင် ရွှေနှင့်ဒေါ်လာဈေးနှုန်းများ အချိန်နှင့်အမျှ အလှုပ်အရမ်းကြမ်းကြမ်းဖြင့် ပြောင်းလဲနေကြောင်း ရွှေကုန်သည်နှင့် ဒေါ်လာလက် ကြီးဒိုင်များက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *