Uncategorized

ရန်ကုန်ကို ပြင်ဆင်မှုများနဲ့

ရန်ကုန်ယူဂျီ FLA အဖွဲ့ဝင်ရဲဘော်တွေ ပြင်ဆင်မှုလုပ်ပြီး ရန်ကုန်ကိုပြန်ဝင်မည်ဟုဆို

မေ ၂၇၊ The Nation Voice
မောင်ခဲတံ

ရန်ကုန်ယူဂျီအဖွဲ့တစ်ခုဖြစ်တဲ့ Freelance Attack Force (FLA) အဖွဲ့က တပ်ဖွဲ့ဝင်တွေ ပြင်ဆင်မှုတွေလုပ်ပြီး ရန်ကုန်ကိုပြန်လာမယ်လို့ အဆိုပါအဖွဲ့ကပြောပါတယ်။

Freelance Attack Force (FLA) အနေနဲ့ အဖွဲ့စတင်တည်ထောင်ချိန်ကစလို့ ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး အချို့အဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံထားရတာတွေရှိခဲ့တာကြောင့် မြို့ပြစစ်ဆင်ရေးတွေအကောင်အထည်ဖော်နိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ အဖွဲ့ရဲ့ တာဝန်ခံက ပြောပြပါတယ်။

“လိုအပ်တာတွေ ဖြည့်ဆည်းပြီးရင်တော့ ရန်ကုန်ကို ပြန်လာမှာပါ။ FLA အဖွဲ့အပါအဝင် မြို့ပြပြောက်ကျားတွေမရှိတော့တာမဟုတ်ပါဘူး။ အဖွဲ့တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ အင်အားယုတ်လျော့တာတွေကို ဖြည့်တင်းရင်း ပြန်လည်ဖွဲ့စည်းနေကြတာပါ။ မြို့ပြပြောက်ကျားတွေက ပြည်သူတွေနဲ့တစ်သားတည်းရှိနေပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Freelance Attack Force ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးပြုလုပ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးမှုကို ခံရပြီး စစ်ကြောရေးမှာကျဆုံးတာ၊ ပစ္စည်း error တက်ပြီး လက်ထဲမှာတင်ပေါက်ကွဲပြီးကျဆုံးတာ၊ စစ်ဆင်ရေးပြုလုပ်ပြီး ပြန်လည်ဆုတ်ခွာချိန်မှာ ငွေတောင်စားသောက်ဆိုင်ကဝန်ထမ်းတွေရဲ့ ဖမ်းဆီးရိုက်နှက်ခံရမှုကြောင့် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အခု လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ “ကွက်လပ်ဖြည့်မယ်”ကမ်ပိန်းတစ်ခုလုပ်နေတာတွေရှိပါတယ်။ အဲဒီကမ်ပိန်းပြီးရင် လိုအပ်တာတွေပြင်ဆင်ပြီး ရန်ကုန်ကိုပြန်လာမှာပါ။ ကျွန်တော်တို့ ကမ်ပိန်းမှာလည်း ပါဝင်ပေးဖို့ မိဘပြည်သူတွေကို တောင်းဆိုပါတယ်”လို့ FLA တာဝန်ခံက အသိပေးပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ငွေတောင် စားသောက်ဆိုင်က၀န်ထမ်းတွေဟာ FLA ပြောက်ကျား တပ်ဖွဲ့၀င် ၂ ဦးကို လိုက်လံဖမ်းဆီးခဲ့ပြီး တစ်ဦးကတော့လွတ်မြောက်သွားပေမယ့် ရဲဘော်ချောကလက်(သာဒင်)ကတော့ စားသောက်ဆိုင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်
နှက်မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။📌

Leave a Reply

Your email address will not be published. Required fields are marked *