Uncategorized

ရဲဘော် ၂ဦး ကျဆုံး

စစ်ကောင်စီဝန်ထမ်းတွေကို မြို့ပေါ်တက်ဖမ်းစဉ် ရဲဘော် ၂ဦး ကျဆုံး၊ အခွန်ရုံးဝန်ထမ်းမိသားစု ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မေ ၂၆၊ SGG

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် စည်းခုံကြီးဘုရားတောင်ဘက် လဝက၊ စရဖ၊ အခွန်ရုံးရှေ့မှာ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝန်ထမ်းမိသားစုကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြပါတယ်။

မေလ ၂၁ ရက်နေ့ ညနေပိုင်း ရုံးဆင်းချိန်မှာ လဝကနှင့် အခွန်ရုံးက စစ်ကောင်စီဝန်ထမ်းတွေကို ထိန်းသိမ်းဖို့ တောတွင်းတွတ်ပီ(LPDF)အဖွဲ့ ကြိုးစားခဲ့ပါတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ဆုံတာကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တောတွင်းတွတ်ပီ(LPDF)အဖွဲ့မှ ရဲဘော် မိုးတိမ်၊ ရဲဘော်ဆင်ပေါက်တို့နှစ်ဦးကျဆုံးသွားခဲ့ပါတယ်။ ဓါးစာခံတွေဖြစ်တဲ့ ဒုအခွန်ဦးစီးမှူး ဒေါ်ခိုင်နွဲ့ဇော်နှင့် သမီးနဲ့သမက် ကိုလည်း စစ်ကောင်စီက ငဲ့ညှာထောက်ထားခြင်းမရှိ ပစ်သတ်လိုက်ကြပါတယ်။ ည ၆ နာရီခွဲကျော်မှာ အိုးဘိုနာရေးကူညီမှုအသင်းကားနဲ့ အလောင်းတွေလာကောက်သွားတယ်လို့သိရပါတယ်။

ပစ်ခတ်မှုမဖြစ်ပွားခင် ညနေ ၄ ‌နာရီလောက်ကတည်းက အဝိုင်းပတ်အနီးမှာ စစ်ကောင်စီတပ်သားတွေရှိနေခဲ့ပြီး ၄နာရီခွဲ့ခန့်က စစ်ကောင်စီအဖွဲ့ စည်းခုံကြီးဘုရားအရှေ့ဘက်လမ်းမှာ ဖြတ်သန်းသွားလာသူတွေကို တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်။

” ကလေးတ‌စ်ယောက်အပါအဝင်ဝန်ထမ်း ၆ ဦးကိုခေါ်သွားတယ်၊ အန်တီခိုင်တို့က မိသားစုလိုက်သေတာ၊ သမီးနဲ့သမက်က ကားနဲ့လာကြိုတာ ပြန်သွားပြီးမှ သော့မေ့ကျန်လို့ ရုံးကိုသော့ပြန်လာယူရာက စစ်တပ်က ပစ်လို့ သေသွားကြတာ” လို့ သိရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးမှုအတွင်းမှာ အခွန်နဲ့ လဝကဝန်ထမ်း ၆ ဦးကို ထိန်းသိမ်းထားနိုင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သက်ဆိုင်ရာကိုအပ်နှံသွားမယ်လို့ တောတွင်းတွတ်ပီ(LPDF)ကပြောဆိုထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။

ရုပ်အလောင်းပြန်မရပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြပြီး အမိန်ပြန်တမ်းဖတ်ကြားခဲ့ကြတယ်လို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုလည်း မည်သည့်အဖွဲ့အစည်းကိုမျှ အပ်နှံခြင်းမရှိ‌သေးဘူးလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *