Uncategorized

ခေါင်းကို ကျည်ထိတာကို…

ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း PLA ရဲဘော်တစ်ဦးကျဆုံး

ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ယနေ့ (မေလ ၂၆ရက်)နံနက်ပိုင်းက တိုက်ခိုက်မှုအတွင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PLA)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့၊ အနောက်တောင်ဘက် ဖလမ်အိုကျေးရွာတွင် တပ်ဆွဲထားသော စစ်ကောင်စီ ကင်းစခန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ခိုက်စဉ် PLA ရဲဘော်ထွန်းနိုင်သည် ကျည်ထိမှန်ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

” ရဲဘော်ထွန်းနိုင် ဆုတ်ခွာစဉ် ရန်သူ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့တယ်။ စကားပြောစက်တွင် ထိသွားပြီဟု ရဲဘော်များကို သတင်းပို့ခဲ့ပြီး ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တယ်။ ဒဏ်ရာရသွားသောကြောင့် ရဲဘော်များက ပြန်ကူပြီး ပုခက်ဖြင့် ထမ်းခေါ်ဖို့ ကြိုးစားချိန်တွင် ကျဆုံးသွားခဲ့ပါတယ်” ဟု PLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖလမ်အိုကျေးရွာမှ စခန်းအားတိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား စစ်ကူရောက်လာ၍ ပူးပေါင်းတပ်ဖွဲ့များဆုတ်ခွာခဲ့ကြောင်း၊ရဲဘော်ထွန်းနိုင်သည် နောက်ဆုံးမှကျန်၍ ကာပစ်ပေးနေစဉ် ဦးခေါင်းအား ကျည်ထိမှန်ခဲ့ခြင်းဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ရက်ကလည်း ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ၌ အာရက္ခတပ်တော်(AA)နှင့် အတူတိုက်ပွဲဝင်နေသည့် PLAမှ ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အို ကျဆုံးခဲ့သည်။

PLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်အတူ မြို့သိမ်းတိုက်ပွဲအချို့၌ ပူးတွဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းအပါအဝင် ဒေသအနှံ့ရှိ စစ်ကောင်စီတော်လှန်ရေးတိုက်ပွဲများတွင်လည်း PLA ရဲဘော်များ ပါဝင်တိုက်ခိုက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *