Uncategorized

ကိုထွန်းပြောတဲ့ထဲမှာ

■ မည်သူ ဘာပြောပြော မိမိရပ်တည်ချက်နှင့် တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာထမ်းဆောင်နေဟု AA ပြော

Western News| မေ ၂၄

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး လူအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးက ပြောဆိုနေချိန် အာရက္ခတပ်တော် AA က မည်သူဘာပြောပြော မိမိရပ်တည်ချက်နှင့် တာဝန်ဝတ္တရားအတိုင်း ပြည်သူ့ဝန်ဆောင်မှုများကို ကျေပွန်စွာထမ်းဆောင်နေသည်ဟု ယနေ့ မေလ ၂၄ ရက်တွင် ထုတ်ပြန်ပြောသည်။

စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော အာရက္ခဒေသ၏ လက်ရှိ အခြေအနေကို လူအမျိုးမျိုးတို့သည် ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ်အပျက်မှန်များကို မျက်ကွယ်ပြု လျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ်တွေ့မြင်လာနေရသည်ဟု AA က ပြောသည်။

” မည်သူက မည်သို့ ပြောဆိုရေးသားနေစေကာမူ မိမိတို့သည် မိမိတို့၏ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်။ ” ဟု AA က ရေးသားထုတ်ပြန်ထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့် သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ AA အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိ မြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု အကြံပြုလိုကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

အခြားတစ်ဖက်တွင် ပြည်သူလူထုများအတွက် မြေပြင်၌ အမှန်တကယ် အကာအကွယ်ပေး ဆောင်ရွက်နေသော ULA/AA နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍အကျိုးရှိနိုင်လိမ့်မည်ဟု AA ကဆိုသည်။

” ဤကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုမျိုးကသာ ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်းအကြား၌ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။ ” ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ ဗျူဟာ၊ တပ်မ၊ တပ်ရင်းဌာနချုပ်များအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်အတွင်း စခန်းများကိုစွန့်လွှတ်ကာ လက်နက်များဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏အန္တရာယ်ကို သတိထားကြရန် AA က သတိပေးထားသည်။

စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထုများ၊ လူသူထူထပ်သောနေရာများနှင့် စစ်ဘေးရှောင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တတ်သော အကျင့်ရှိသောကြောင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန်လည်း ပြည်သူလူထုများကို AA က တိုက်တွန်းထားသည်။

Western News-WN

Leave a Reply

Your email address will not be published. Required fields are marked *