Uncategorized

လောင်လိုက်ဦး

■ AA မှာ အရာရှိ စစ်သည်တော် ၃၂၆ ဦး သင်တန်းဆင်း

မေ ၂၃ ရက်

ရခိုင်ပြည်အတွင်း ပြုလုပ်ခဲ့သော အမှတ်စဉ် ၃ အရာရှိသင်တန်းမှ စစ်သည်တော် ၃၂၆ ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း AA က မေလ ၂၃ ရက် ညတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အရာရှိ စစ်သည်တော်များကို အနာဂတ် အာရက္ခတပ်တော် AA ကို ဦးဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် စစ်သည်ကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်သည်ဟု AA က ဆိုသည်။

အမှတ်စဉ် ၃ အရာရှိလေ့ကျင့်ရေး သင်တန်းဆင်းပွဲကို တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက် ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့သည်ဟု သိရသည်။

အမှတ်စဉ် ၃ အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ သင်တန်းသူ/သား ၃၂၆ ဦးဖြင့် ရခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် “အရာရှိလောင်း” အဖြစ် အသိအမှတ်ပြုကာ ၁၁ လခန့်အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု AA က ပြောသည်။

အရာရှိသင်တန်း အမှတ်စဉ် ၄ နှင့် အခြေခံစစ်ပညာသင်တန်းများကို လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန်လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်ကို အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည်ဟု AA က ဆိုသည်။

AA ၏ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၁ သင်တန်းကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စစ်သည်တော် ၁၃၈ ဦးဖြင့် ကချင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့ပြီး အမှတ်စဉ် ၂ ကို ကချင်ပြည်နယ်တွင် ထပ်မံပြုလုပ်ကာ အမှတ်စဉ် ၃ ကို ရခိုင်ပြည်တွင် ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါ အသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်ဟု AA က ပြောသည်။

AA တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်း AA က ဖိတ်ခေါ်ထားသည်။

ပုံစာ – ရခိုင်မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ။ (ဓါတ်ပုံ – AA)

Western News

Leave a Reply

Your email address will not be published. Required fields are marked *