ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စစ်အင်အားဖြည့်တင်းရန် လာသည့် Mi-17 ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်ပြီး မီးခိုးထွက်သွား၍ တပ်မ ၃၃ သို့ မောင်းပြေး
ရန်ကုန်၊ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စစ်အင်အားဖြည့်တင်းရန် လာသည့် Mi-17 ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်ပြီး မီးခိုးထွက်သွား၍ တပ်မ ၃၃ သို့ မောင်းပြေးသွားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၅၈ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ စစ်တပ် အထိုင်စခန်းသို့ စစ်ကိုင်းတပ်မ ၃၃ မှ တက်လာသော MI-17 ရဟတ်ယာဉ် ၂ စီးသည် လူအင်အားနှင့် လက်နက်အင်အားများ လာချခဲ့ကြောင်း၊ ထို့ပြင် မုံရွာ နမခ မှ တက်လာသော Gyrocopter ၁ စီးသည် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရသည်။
ထို Mi-17 ရဟတ်ယာဉ် ၂ စီးသည် ယနေ့ နံနက် ၉ နာရီ ၂၄ မိနစ်ခန့်တွင် စစ်ကိုင်းတပ်မ ၃၃ သို့ ထပ်မံ ပြန်တက်လာကြောင်း သတင်းရရှိသောကြောင့် ကိုးတောင်းကျား (ပကဖ) လှုပ်ရှားပူးပေါင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ရန် ကင်းပုန်းဝပ်၍ အသင့် စောင့်ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နမခမှ တက်လာသော Gyeocopter ၁ စီးသည် ထပ်မံ ပြန်တက်လာပြီး ရွာသာကြီးကျေးရွာအနီးတွင် ဝေဟင်မှ အကာအကွယ်ပေး၍ ပျံသန်းနေစဉ် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် တပ်မ ၃၃ မှ ထပ်မံ အင်အားဖြည့်တင်းရန် Mi-17 ရဟတ်ယာဉ် ၂ စီး ရောက်ရှိလာချိန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြီး အပြင်း အထန်ဒဏ်ရာရရှိသူများကို MI-17 ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ MI-17 ရဟတ်ယာဉ် ၁ စီးသည် Generator အရန် Engine ကိုထိမှန်ပြီး မီးခိုး တလိမ်လိမ်ဖြင့် အင်အားချနိုင်ခြင်းမရှိဘဲ တပ်မ ၃၃ သို့ ပြန်လည် မောင်းပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ပူးပေါင်း ပကဖ လှုပ်ရှားအဖွဲ့က ကျည်အင်အား ၃၀၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ပါကြောင်း၊ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က Mi17 ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Leave a Reply