တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလပိုင်းမှ စတင်၍ တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကိုဖျက်စီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်နေသောကြောင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ပြန်လည် ချေမှုန်း တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ ဖြစ်ပွားနေပြီး တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်း များလည်း သိမ်းဆည်းရရှိထားကြောင်း၊ ထို့ပြင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိပြီး နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် သိမ်ခွန်းရွာဘက်နှင့် ထုံမခါရွာဘက်များကို စစ်ကြောင်းများကို ထပ်မံ အင်အားဖြည့်နေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ကြောင်း၊ ထို့ပြင် မြို့နယ်အတွင်းရှိ နေရာအနှံ့တွင်လည်း စစ်ကောင်စီ တပ်သားများကို ဖြန့်ကျက်ထားသောကြောင့် ထိတွေ့ တိုက်ပွဲများသည် နေရာအနှံ့တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိ စစ်ခွေး စစ်ကြောင်းက သိမ်ခွန်းဘက်ကို တစ်ဖွဲ့ ထုံမခါဘက်ကို တစ်ဖွဲ့ တိုးလိုက် ဆုပ်လိုက်လုပ်နေတယ်။ တိုက်ပွဲတွေ အတွင်းမှာ စစ်ခွေး ၂၀ ကောင်ကျော်သေဆုံးတယ်။ သိမ်ခွန်းရွာဘက်ကတိုက်ပွဲမှာတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာရှိတယ်။ တိုက်ပွဲက ဆက်တိုက်ဖြစ်ပွားနေတော့ ကျနော်တို့ ထုတ်ပြန်လို့ရရင် အတိအကျ ထုတ်ပြန်သွားပါ့မယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာနှင့် မုတ်ဆိတ်ကွင်းရွာ အကြားတွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။