Uncategorized

ကဲ . . . ရန်ကုန်မှာ

ထောက်ကြန့်နယ်မြေရဲစခန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ရောင်နီ

မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) တပ်ဖွဲ့က ပြောသည်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်တွင်ရှိသည့် ထောက်ကြန့်နယ်မြေရဲစခန်းကို ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၆ နာရီခွဲဝန်းကျင်အချိန်တွင် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ အထိအခိုက်ကို အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေကြောင်း OF တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ (ရဲတပ်ဖွဲ့ဝင်) နှစ်ဦးထိခိုက်မှုရှိနိုင်ပါတယ်။ မြေပြင် အတည်ပြုချက်ရဖို့ စုံစမ်းနေပါတယ်” ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုကို အသေးစိတ်အတည်ပြုချက်ရယူနိုင်ရန် မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုကို ဒေသခံများက အတည်ပြုထားပြီး ရဲစခန်းအနီးတဝိုက် ယမန့်နေ့ညပိုင်း၌ စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သည့် မြို့ပြတော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း Operation Flame တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame တပ်ဖွဲ့က အသိပေးထားသည်။

ရန်ကုန်ပြည်လမ်းမကြီးနှင့် ရန်ကုန်ပဲခူးလမ်းကြီးဆုံရာ လမ်းဆုံနေရာတွင် တည်ရှိသည့် ထောက်ကြန့်နယ်မြေရဲစခန်းကို မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်မှုများပြုလုပ်နေပြီး ထိခိုက်မှုများ ရှိနေသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ပုံအညွှန်း – မြို့ပြတော်လှန်ရေးတပ်ဖွဲ့များ၏မကြာခဏတိုက်ခိုက်မှုခံရနေသည့် ထောက်ကြန့်နယ်မြေရဲစခန်းအား မြေပုံမှ တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *