Uncategorized

ယနေ့ ည ရန်ကုန်

အင်းစိန် သံမဏိစက်ရုံ မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရဟုဆို

ရောင်နီ (မဇ္ဈိမ)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) သံမဏိစက်ရုံကို မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦး ဒဏ်ရာရကြောင်း Yangon Army (YA) တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီပိုင် အဆိုပါသံမဏိစက်ရုံ လုံခြုံရေးအဖွဲ့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်က မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

YA တပ်ဖွဲ့ တာဝန်ရှိသူ တဦးက “ New year ပွဲလိုလို လုပ်လိုက်တာဆိုတော့ပေါက်ကွဲအားပြင်းပေမဲ့ဘာမှန်းမသိလိုက်ကြပါဘူး။ တိုက်ခိုက်တဲ့အချိန် သူတို့က မူးနေကြတာ။ အထိအခိုက်က ကျနော်တို့စတိုက်ခိုက်လိုက်ချိန်ထဲက စကစနှစ်ယောက်ထိသွားတယ်။ မြေပြင်မျက်မြင်ပါ “ ဟု ပြောသည်။

အဆိုပါနေရာ၌ စစ်ကောင်စီတပ်သား လေးဦးရှိပြီးလက်ပစ်ဗုံးဖြင့်တွဲထားသည့် မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ချိန်တွင် နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အမှတ်(၃)သံမဏိစက်ရုံအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းကို ဒေသခံများက အတည်ပြုထားပြီး ပေါက်ကွဲမှုဖြစ်သည့်ညနှင့် နောက်တရက် ဇန်နဝါရီလ ၁ ရက်နေ့တွင် စက်ရုံအနီးတဝိုက် စစ်ဆေးမှုများ တင်းကျပ်ခဲ့ကြောင်း သိရသည်။

“အဲ့စက်ရုံဘက်မှာ ပြည်သူတွေ အသွားအလာသိပ်မရှိဘူး။ လူပြတ်တယ်။ စစ်ကောင်စီတပ်သားတွေရဲ့ သီးသန့်လုံခြုံရေးပဲရှိတာ” ဟု ဒေသခံတဦးက ပြောသည်။

Yangon Army(YA) အနေဖြင့် စစ်ကောင်စီတပ်၏ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလအတွင်း လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်နှင့် သက်ဆိုင်သည့် အဆောက်အအုံများနှင့် စစ်ကောင်စီထောက်တိုင်များကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Apollo Hotel တွင် ပြုလုပ်သည့် မင်္ဂလာပွဲသို့လာသည့် စစ်‌ ကောင်စီတပ်မှ ဗိုလ်မှူးဇေယျာမင်းဆိုသူကို မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသွားသည်။

စာတည်း – အေးချမ်း

ပုံအညွှန်း – မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည့် အင်းစိန်မြို့နယ်ရှိ အမှတ် ၃ သံမဏိစက်ရုံကို Google Maps မှ တဆင့် တွေ့ရစဉ်။

#mizzima
#Burmese
#အင်းစိန်
#သံမဏိစက်ရုံ
#မိုင်းခွဲတိုက်ခိုက်မှု
#YA

Leave a Reply

Your email address will not be published. Required fields are marked *