ငါတို့ နိင်မှာ နိင်ပြီဆိုတဲ့ နိမိတ်ပြတာပဲ

ဝက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး စစ်တပ်က စစ်သားအလောင်းများကို ဖြစ်သလို စွန့်ပစ်ထားခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးပြီး အလောင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီး‌ရွာမှ ထွက်လာသော အင်အား ၁၈၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ရွာစဉ်ပတ်၍ မီးရှို့ပြီး ဝက်လက်မြို့တွင်းရှိ အထိုင်စခန်းကိုသွားရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၇ ဦး သေဆုံး၍ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ပြီး ဝက်လက်မြို့အတွင်းရှိ စစ်တပ် အထိုင်စခန်းကို ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လက်နက်တွေ အကုန်ရအောင်သယ်ပြီး အလောင်းတွေကို စွန့်ပစ်ထားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၁၇ ကောင် သေဆုံးပါတယ်” ဟု ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ ၊ လျှပ်စီးပျောက်ကြားတပ်ဖွဲ့ နှင့် နတ်တောင်နဂါးတပ်ဖွဲ့ အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်အုပ်စုသည် ဝက်လက်မြို့နယ်အတွင်းကို စစ်ကြောင်းများ ဖြန့်ကျက်၍ လှုပ်ရှားနေ‌သောကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း၊ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့စည်းများ၏ သတိပေးညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် တော်လှန်ရေးရဲဘော်များ ပြည်သူတွေ၏ ရှေ့မှ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ယင်းစစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ် အတွင်းရှိ တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာ ၊ ထုံဘိုရွာ အရှေ့ဘက် တံတားညီနောင်အနီးရှိ နေအိမ်များနှင့် မြင်တော်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*